Pages

Monday, 28 October 2013

သံပုရာချဉ်သုပ်နဲ့ပုတက်စာဟင်းခါး

ဒီနေ့တော့ ဆိုဖီ့ရဲ့စိတ်ထဲမှာ စားချင်နေတဲ့ အရာတွေကို ချက်ပြမယ်နော်!
ခံတွင်းမြိန်စေပြီး ထမင်းစားလို့ ကောင်းစေတဲ့ သံပုရာချဉ်သုပ်နဲ့ပုတက်စာဟင်းခါးဘဲ ဖြစ်ပါတယ်ရှင်!
သံပုရာချဉ်သုပ် အတွက်လိုအပ်သောပစ္စည်းများ
သံပုရာချဉ် အရွယ်တော်၂လုံး၊
ကြက်သွန်နီဥကြီးတစ်လုံး၊
ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်
ငရုတ်သီးစိမ်း၃တောင့်၊
အချိုမှုန့်အနည်းငယ်၊
ပဲကျက်မှုန့်အနည်းငယ်၊
ပုဇွန်ခြောက်မှုန့် အနည်းငယ်၊
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

သံပုရာချဉ်သုပ် သုပ်နည်း

သံပုရာချဉ် အရွယ်တော်၂လုံးကို ရေပြောင်အောင်ဆေးပြီးပါးပါးလှီးထားပါ။
ကြက်သွန်နီဥကြီးတစ်လုံးကိုလည်း ပါးပါးလှီးထားပါ။
ငရုတ်သီးစိမ်း၃တောင့်ကိုလည်း ပါးပါးလှီးထားပါ။
ဇလုံကြီးတစ်ခုထဲသို့ လှီးထားသော သံပုရာချဉ်၊ကြက်သွန်နီနှင့်ငရုတ်သီးစိမ်းတို့ကိုထည့်ပါ။ပြီးလျှင်ငရုတ်သီးအကျက်မှုန့်အနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ ပဲကျက်မှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ပုဇွန်ခြောက်မှုန့် အနည်းငယ်နှင့်ကြက်သွန်ဖြူ/နီ ဆီချက်အနည်းငယ်တို့ကိုထည့်ပြီး သုပ်ပါ။ အပေါ့အငံကို လိုသလိုပြင်ဆင်နိုင်ပါတယ်ရှင်။
ပုတက်စာဟင်းခါး အတွက်လိုအပ်သောပစ္စည်းများ

ပုတက်စာသေးရင်၂စီး၊ကြီးရင်တစ်စီး၊
ကြက်သွန်ဖြူ၃မွှာ၊
ဆားအနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
ပုဇွန်ခြောက်မှုန့် အနည်းငယ်နှင့်
ငံပြာရည်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။

ပုတက်စာဟင်းခါး ချက်နည်း
ပုတက်စာကိုမွှာပြီး တစ်ရေစိမ်ထားပါ။
ပုတက်စာ အပွင့်များထဲမှ သဲများပြောင်သွားစေရန် ဖြစ်ပါသည်။
ရေနွေးကိုတစ်ဆူအောင်တည်ပါ။
ရေနွေးဆူလာရင် ကြက်သွန်ဖြူ၃မွှာကို ထောင်းပြီးထည့်ပါ။
အချိုမှုန့်၊ဆားနဲ့ပုဇွန်ခြောက်မှုန့်တို့ကိုထည့်ပါ။
မွှာထားတဲ့ပတက်စာတွေကို သန့်အောင်ဆေးပြီးထည့်ပါ။
ဟင်းခါးဆူလာရင်အိုးကိုချလို့ရပါပြီရှင်။
အသားမပါဘဲ ထမင်းမြိန်စေမဲ့ သံပုရာချဉ်သုပ်နဲ့ပုတက်စာဟင်းခါးဘဲ ဖြစ်ပါတယ်ရှင်!
သံပုရာချဉ်ပြုလုပ်နည်း(မသိတဲ့သူတွေအတွက် ဆိုဖီရဲ့လုပ်နည်းကို မျှဝေတာပါနော်)

သံပုရာချဉ်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ
ဖန်ပုလင်းသန့်သန့်(သို့)ကော်ဘူးသန့်သန့်တစ်လုံး
သံပုရာသီး အရွယ်တော်၆လုံး၊
ဆား၂ဇွန်း(ထမင်းစားဇွန်း)၊
ရေကျက်အေး သံပုရာသီးကို မြုပ်ရုံလောက်။
မီးဖိုမှ ထင်းပြာအနည်းငယ်
(ဆိုဖီ့အမေက သံပုရာသီးကနပ်ပြီး မာမာတောင့်တောင့်လေး ဖြစ်ဖို့ထည့်တယ်လို့ ပြောပါတယ်။ဆိုဖီကဂက်(စ်)နဲ့ချက်တာမို့ မရှိလို့မထည့်ပါဘူး)
 
ပြုလုပ်နည်း
သံပုရာသီး အရွယ်တော်၆လုံးကိုရေဆေးပြီး ပတ်ပတ်လည်ကို ဓားနှင့်မွှန်းပေးပါ။
သံပုရာသီးများကို ဆားတစ်ဇွန်းနှင့်နယ်ပါ။
ပြီးလျှင် ဘူးထဲသို့ထည့်ပြီး သံပုရာသီးမြုပ်ရုံလေး ရေကျက်အေးကိုထည့်ပါ။
ပြီးလျှင်ဆားတစ်ဇွန်းကို ထပ်ထည့်ပြီး အဖုံးပိတ်ထားပါ။
၂ပတ်လောက်ဆိုရင် သံပုရာချဉ်ဖြစ်ပြီး သုပ်စားလို့ရပါပြီရှင်။

0 comments:

Post a Comment