ဖန်စီဝိုင်းတော်သားများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါေ
စရှင်!
အပတ်စဉ်တပတ်နဲ့တပတ် ဟင်းချက်နည်းတွေ မတူညီအောင် ဖတ်ရတာရိုးအီမသွားအောင်
ဆိုဖီကြိုးစားပြီး ရေးသားတင်ဆက်ပေးပါ့မယ်။ ဒီအပတ်အတွက်ကတော့ တရုတ်စတိုင်
ငါးပေါင်းလေး ပေါင်းကျွေးဖို့ စိတ်ကူးလေး ရရှိခဲ့ပါတယ်။
တရုတ်စတိုင် ငါးပေါင်း
တရုတ်စတိုင် ငါးပေါင်းအတွက် လိုအပ်သောပစ္စည်းများ
သာလာပီးယားငါးပန်းရောင် ကီလိုဝက်တစ်ကောင်၊
ကြက်သွန်ဖြူ၆မွှာခန့်၊
ဂျင်းအနုအနည်းငယ်၊
နံနံပင်အနည်းငယ်၊
ပဲငံပြာရည်အကျဲအချိုရည်အနည်းငယ်၊
ဆားအနည်းငယ်၊
ငံပြာရည်အနည်းငယ်၊
အချိုမှုန့်အနည်းငယ်၊
နနွင်းအနည်းငယ်နှင့်
ငရုတ်ကောင်းအဖြူမှုန့်အနည်းငယ်တို့
လိုအပ်ပါတယ်ရှင်။
ပြင်ဆင်ချက်ပြုတ်နည်း
ငါးကို သန့်စင်ပြီး ဓားနှင့်အနည်းငယ် မွှန်းပါ
။ပြီးလျှင် ငံပြာရည်အနည်းငယ်၊ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။
ကြက်သွန်ဖြူ၆မွှာခန့်ကို အခွံနွှာရေဆေးပြီး လေးထောင့်အတုံးသေးလေးများဖြစ်အောင် လှီးထားပါ။ ဂျင်းအနုများကိုလဲ အခွံနွှာရေဆေးပြီး အချောင်းသေးလေးများဖြစ်အောင်လှီးထားပေးပါ။နံနံပင်အနည်းငယ်ကို ရေဆေးပြီး အနေတော်ညှပ်ထားပေးပါ။
ဒယ်အိုးထဲသို့ ဆီ၅ကျပ်သားလောက်ထည့်ပါ။ ဆီပူလာလျှင် နနွင်းအနည်းငယ်ကို
ထည့်ပါ။ထို့နောက် ပါးပါးလှီးထားသော ဂျင်းအချောင်းလေးများတဝက်တိတိကို
ဆီပူတွင် ကျွတ်သည်အထိကြော်ပါ။ ဂျင်းကြော်များကို
ဆယ်ပြီးဆီစစ်ထားပါ။ပြီးလျှင် အတုံးသေးလေးများလှီးထားသော ကြက်သွန်ဖြူများကို
ထည့်ပြီးကျွတ်အောင်ကြော်ပါ။ ကြက်သွန်ဖြူကြော်များ ကျွတ်သောအခါ
ဆယ်ပြီးဆီစစ်ထားပါ။
ဒယ်အိုးကြီး၁လုံးထဲသို့ ရေများများထည့်ပါ။ ထို့နောက်
သံကရွတ်ခွေကိုထည့်ပြီး သံကရွတ်ခွေပေါ်သို့ စတီးပန်းကန်ပြားကိုတင်ပါ။
စတီးပန်းကန်ပြားပေါ်သို့ နယ်ထားသောငါးကိုတင်ပါ။
ထိုဒယ်အိုးကို စလောင်းဖုံးအကြီးနဲ့အုပ်ပြီး မီးပြင်းပြင်းနှင့်ရေဆူအောင်တည်ပြီးပေါင်းပေးပါ။ ရေနွေးဆူပြီး ၁၀မိနစ်ခန့်ပေါင်းပြီးသောအခါ ငါးကိုတဘက်သို့ လှန်ခါ နောက်ထပ်၁၀မိနစ်ခန့်ထပ်ပေါင်းပေးပါ။ငါးပေါင်းကျက်မကျက်ကို တူနဲ့ထိုးကြည့်ပါ။ ငါးပေါင်းကျက်သောအခါ ပဲငံပြာရည်အကျဲအချိုရည်အနည်းငယ်ကို ငါးပေါင်းပေါ်သို့လောင်းပါ။ ကြော်ထားသော ကြက်သွန်ဖြူနှင့်ဂျင်းကို ဖြူးပါ။ တဝက်ချန်ထားသောဂျင်းအချောင်းများနှင့်ညှပ်ထားသော နံနံပင်အနည်းငယ်ကို ထပ်ဖြူးလိုက်သောအခါ စားချင်စဖွယ် တရုတ်စတိုင် ငါးပေါင်းကို ယခုကဲ့သို့ ရရှိပါလိမ့်မည်။
လွယ်ကူရိုးရှင်းပြီး ချက်ရတာလဲလွယ်တဲ့ တရုတ်စတိုင် ငါးပေါင်းဘဲ ဖြစ်ပါတယ်ရှင်။တရုတ်စတိုင် ငါးပေါင်းကို ထမင်းဖြူပူပူလေးနဲ့တွဲစားရင်ဖြင့် အလွန်လိုက်ဖက်ညီမှာ အမှန်ဘဲ ဖြစ်ပါတော့တယ်ရှင်။
0 comments:
Post a Comment